စိတ်အတက်အကျမြန်ရောဂါရဲ့ အဆင့် (၃) ဆင့်
Bipolar Disorder ဆိုတဲ့ စိတ်အတက်အကျမြန်ရောဂါဆိုတာ စိတ်ခံစားချက်၊ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို ပြင်းပြင်းထန်ထန် အတက်အကျပြောင်းလဲစေတဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ တခြားစိတ်ရောဂါတွေလိုပဲ စိတ်အတက်အကျမြန်ရောဂါမှာ ယေဘုယျအားဖြင့် အဆင့် (၃) ဆင့်ရှိတတ်ပြီး ရောဂါလက္ခဏာပြင်းထန်မှုဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်တာကို သိထားစေချင်ပါတယ်။
စိတ်အတက်အကျမြန်ရောဂါမှာ ပုံမှန်တွေ့ရတဲ့အဆင့် (၃) ဆင့်ကတော့
- Mania (စိတ်ဓာတ်တက်ကြွမှု အဆင့် - ၁)
- Hypomania (စိတ်ဓာတ်တက်ကြွမှု အဆင့် - ၂)
- Depression (စိတ်ဓာတ်ကျခြင်း အဆင့်) ပဲ ဖြစ်ပါတယ်။
၁။ Mania (စိတ်ဓာတ်တက်ကြွမှု အဆင့် - ၁)
Mania ဆိုတာ ပုံမှန်ထက်ပိုပြင်းထန်တဲ့ စိတ်ဓာတ်တက်ကြွမှု အခြေအနေဖြစ်ပါတယ်။ ဒီအဆင့်မှာ အားအင်ပြည့်ဖြိုးလန်းဆန်းလွန်းနေပြီး ကိုယ်ယုံကြည်တဲ့၊ သွားချင်တဲ့ ပန်းတိုင်ကို ဇောကပ်လို့ ပြင်းပြင်းထန်ထန် ကြိုးစားချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်နေတတ်ပါတယ်။ သိသာထင်ရှားတဲ့ လက္ခဏာတွေအနေနဲ့
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
- အားအင်ပြည့်ဝလို့ တက်ကြွလန်းဆန်းနေလွန်းခြင်း
- လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်ပိုမိုစိုက်ထုတ်နိုင်ခြင်း
- အစားသိပ်မစားတော့ခြင်း
- အိပ်ချင်စိတ် သိပ်မရှိတဲ့တိုင်အောင် နိုးကြားနေခြင်း
- စကားပြောမြန်နေခြင်း
- မကြာခဏ ခုန်ပေါက်လှုပ်ရှားနေတတ်ခြင်း
စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
- အာရုံစူးစိုက်နိုင်မှု သိပ်မရှိခြင်း
- အပျော်လွန်ပြီး အရာရာကို အကောင်းမြင်နေတတ်ခြင်း
- မိမိကိုယ်ကို ပိုမိုတန်ဖိုးထားစိတ်၊ ချစ်ခင်စိတ် ပိုဖြစ်နေတတ်ခြင်း
- အမှန်တကယ်မရှိတဲ့ ပုံရိပ်ယောင်တွေ မြင်နေတတ်ခြင်း
လိင်ပိုင်းဆိုင်ရာ လက္ခဏာများ
- အန္တရာယ်များတဲ့ လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို လုပ်တတ်ခြင်း
- လိင်စိတ်ဆန္ဒ များလွန်းခြင်း စတာတွေကို တွေ့ရတတ်ပါတယ်။
၂။ Hypomania (စိတ်ဓာတ်တက်ကြွမှု အဆင့် - ၂)
ဒီအဆင့်မှာလည်း စိတ်ဓာတ်တက်ကြွမှုကို ခံစားရတယ်ဆိုပေမဲ့ Mania လောက် မပြင်းထန်သလို သာမန်လူတစ်ယောက်လိုပဲ နေထိုင်ပြုမူတတ်ပါတယ်။ စိတ်ဓာတ်တက်ကြွတဲ့ လက္ခဏာတွေအချို့ကိုသာ တွေ့ရတတ်ပြီး အန္တရာယ်များတဲ့ လက္ခဏာတွေနဲ့ အပြုအမူတွေကိုတော့ သိပ်ပြီးမမြင်ရတတ်ပါဘူး။
၃။ Depression (စိတ်ဓာတ်ကျခြင်း အဆင့်)
ကျန်တဲ့အဆင့် (၂) ဆင့်နဲ့ လုံးဝဆန့်ကျင်ဘက် အကျဘက်ကို ဦးတည်တဲ့ အဆင့်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းအဆင့်မှာ Mania နဲ့ Hypomania ထက် အချိန်ပိုကြာမြင့်တတ်ပြီး ယေဘုယျအားဖြင့် တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
- စိတ်ဓာတ်ကျပြီး မျက်နှာမှိုင်တွေကာ ဝမ်းနည်းပူဆွေးနေတတ်ခြင်း
- မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်တော့ခြင်း
- အားအင်မရှိဘဲ နုန်းချိနေတတ်ခြင်း
- မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်စွမ်း အားနည်းခြင်း
- ကိုယ်ဝါသနာပါတဲ့အရာတွေအပေါ် သဘောကျနှစ်ခြိုက်မှု၊ စိတ်ပါဝင်စားမှုမရှိတော့ခြင်း
- အစာစားချင်စိတ်လိုမျိုး တစ်နေ့တာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ လှုံ့ဆော်မှုနည်းလာခြင်း
- လိင်စိတ်ဆန္ဒကျဆင်းပြီး စွမ်းဆောင်ရည် အားလျော့လာခြင်း
- ညဘက်တွေမှာ အိပ်မပျော်တော့ဘဲ အတွေးလွန်နေတတ်ခြင်း
- ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်လိုစိတ်၊ သတ်သေလိုစိတ်တွေ ခံစားရနိုင်ပါတယ်။
ဒီအဆင့် (၃) ဆင့်လို သတ်မှတ်အဆင့်တွေမဟုတ်ဘဲ အတက်အကျရောနေတာကိုတော့ Mixed Episode အဖြစ် သတ်မှတ်ပြီး တစ်ချိန်တည်းမှာပဲ စိတ်ဓာတ်တက်ကြွခြင်းနဲ့ စိတ်ဓာတ်ကျခြင်းလက္ခဏာတွေ၊ အတွေးအခေါ်နဲ့ အပြုအမူတွေ လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါရှိသူတွေရဲ့ ၃၄% ခန့်မှာ ဒီလိုရောထွေးတဲ့ စိတ်ဓာတ်အတက်အကျ ပြောင်းလဲမှုကို ကြုံတွေ့ရတတ်ပါတယ်။
သင့်မှာ စိတ်အတက်အကျမြန်ရောဂါရှိတယ်ဆိုရင် ဒါမှမဟုတ် ရှိတယ်လို့ သံသယရှိရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်